Friday, November 2, 2012

IDP ကလေးငယ်တွေ မျက်လုံးတွင်းသို့ သွေးယိုစီးတဲ့ ဝေဒနာခံစားနေရ

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသ ပယ်ခီးရွာနဲ့ ပဟိုးရွာတွေမှာ ရှိတဲ့ ငါးနှစ်အောက်ကလေးများ ကူးစက်ပြန့်ပွားလွယ်တဲ့ ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်ခံနေကြရပြီး အဲဒီထဲက ကလေးငယ်အချို့ဟာ မျက်လုံးတွင်းသို့ သွေးယိုစီးတဲ့ဝေဒနာကို ခံစားနေကြရတယ်လို့ သိရပါတယ်။
                                          အမှတ် ၂ ခရိုင်မှ ကြက်ညှာချောင်းဆိုးရောဂါ ခံစားနေရသော ကလေးငယ်တဦး (ဓါတ်ပုံ-KnMHC)
အောက်တိုဘာလ ၁၄ ရက်က စပြီး ၎င်းကျေးရွာများမှာရှိတဲ့ ငါးနှစ်အောက်ကလေးငယ် ၄၀ ဦးဟာ အဆက်မပြတ်ချောင်းဆိုးခြင်း၊ အသက်ရှူမောပန်းခြင်း၊ ပျို့အန်ခြင်းတို့မှတဆင့် မျက်လုံးထဲထိ သွေးယိုစီးမှုတွေ ဖြစ်ပေါ်လာတဲ့အတွက် ကုသမှုနှောက်နှေးပါက အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်တယ်လို့ ကရင်နီကျန်းမာရေးဌာနက ဆိုပါတယ်။

"ဒီ(ကြက်ညှာချောင်းဆိုး)ရောဂါက ဘက်တီးရီးယား ပိုးတမျိုးကြောင့် ဖြစ်ပါတယ်။ ဒီရောဂါဟာ အလွန်မှ ကူးစက်လွယ်ပြီးတော့ လူအသက် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်” လို့  ကရင်နီ ကျန်းမာရေးဌာနမှ field coordinator ဆေးမှူး ဖိလစ်က ပြောပါတယ်။မော်ချီးဒေသက ကျေးရွာအများစုဟာ အိုးအိမ်မဲ့ရွှေ့ပြောင်းနေရတဲ့ IDP တွေဖြစ်တဲ့အတွက် ကျန်းမာရေးနဲပတ်သက်ပြီး ကရင်နီကျန်းမာရေးလုပ်သားတွေက တအိမ်တက်တအိမ်ဆင်း ကုသမှုနဲ့အတူ ကျန်းမာရေး ပညာပေးမှုများ ဆောင်ရွက်ပေးနေကြပေမယ့်လို့ ကျန်းမာရေး လုပ်သားဦးရေနဲ့ လူနာဦးရေမမျှတဲ့ အခက်အခဲကို ကြုံတွေ့ နေကြရတယ်လို့ဆိုပါတယ်။
နှစ်ပတ်ကျော်ကြာ ဖြစ်ပွားလာတဲ့ ကြက်ညှာချောင်းဆိုးရောဂါကို ကရင်နီ ကျန်းမာရေးလုပ်သားများမှ ဆက်လက် လုပ်ဆောင် ပေးနေကြပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကုသမှုရော ပညာပေးမှုတို့ပါ ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ IDP ဒေသတွေမှာ ကျန်းမာရေး ဆေးပေးခန်း center တွေသေသေချာချာ ထားရှိဖို့လိုပါတယ်လို့ ဆေးမှူး ဖိလစ်က ပြောပါတယ်။
ပယ်ခီးနဲ့ ပဟိုးကျေးရွာကနေ မော်ချီးကို ၃ နာရီကနေ ၅ နာရီအထိ လမ်းလျှောက်ရတဲ့အတွက် မော်ချီးဆေးရုံမှာ လာရောက်ကုသဖို့ ခက်ခဲတဲ့အပြင် သူတို့ရွာနဲ့ ပိုနီးတဲ့ မော်ချီးအောက်ရွာက လိုခါးလို ဆေးရုံမှာလည်း ဆရာဝန်မရှိဘူးလို့ ဆိုပါတယ်။
မော်ချီးကနေလမ်းလျှောက်သွားရတဲ့ ကျေးရွာတို့မှာ ကရင်နီကျန်းမာရေး ဌာနမှ ဆေးလုပ်သားတဖွဲ့သာ သွားရောက်ကုသပေးနိုင်ပြီး လက်ရှိအခြေအနေမှာ ဆေးဝါးနဲ့ လုပ်သား မလုံလောက်တဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆေးမှူးဖိလစ်က ပြောပါတယ်။
"ကျနော်တို့ ထိထိရောက်ရောက် ကုသနိုင်ဖို့ အဓိက ဆေးဝါး လုံလုံလောက်လောက် ရှိရမယ် ပြီးတော့ ဆေးလုပ်သားတွေလည်း ရှိရမယ်။ နောက်ပြီးတော့ ကူးစက်နိုင်တာဖြစ်တဲ့အတွက် ဒီလူနာတွေ သီးသန့်ထားပြီး စားဖို့နေဖို့ အဆောက်အဦးတွေလည်း ရှိရပါမယ်"
ကြက်ညှာချောင်းဆိုးရောဂါဟာ ကာကွယ်ဆေးရှိပေမယ့် လက်လှမ်းမှီတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ မပေးနိုင်တဲ့အတွက် အခုလို အဖြစ်များပြီး ကာကွယ်ဆေး အသုံးမပြုနိုင်သေးတဲ့ အခြေအနေမှာရှိနေပါတယ်။
အထူးသဖြင့် ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို ရောဂါဖြစ်နေတဲ့လူနာနဲ့ သီးသန့်ထားခြင်းအားဖြင့် ကူးစက်မှုကို အတိုင်းတာ တခုအထိ ကာကွယ်ပြီးသား ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
မော်ချီးဒေသက ကျေးရွာသားများဟာ အဓိက တောင်ယာစပါး စိုက်ပျိုးကြပြီး ယခုအချိန်ဟာ ရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် စုဝေးပြီး ပညာပေးရေး လုပ်ဖို့ ခက်ခဲတဲ့အပြင် မိဘတွေအနေနဲ့လည်း မိမိတို့ ကလေးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် အချိန်တွေပေးဖို့ ပိုနည်းပါးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment

Your ideal